မနီလာ၊ ဖိလစ်ပိုင် (၂၁ သြဂုတ်၊ ၂၀၂၀)။ ကိုဗစ်နိုင်တင်း (COVID-19) ကပ်ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများမှ လျော့ပါး သက်သာစေရန်နှင့် တချိန်တည်းမှာပင် တိုင်းပြည်၏ စီးပွားရေးပြန်လည်နလံထူမှုက ဆင်းရဲ နွမ်းပါးသူများနှင့် ထိခိုက်လွယ်သူများအပေါ် သေချာအကျိုးဖြစ်ထွန်းစေရေး မြန်မာအစိုးရ၏ တုန့်ပြန်ဆောင်ရွက်နေမှုကို အကူအညီဖြစ်စေရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ပေးအပ်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ယနေ့အတည်ပြုလိုက်သည်။

“မြန်မာနိုင်ငံအနေနဲ့ ကပ်ရောဂါကို တုန့်ပြန်ဖို့၊ ကျန်းမာရေးဝန်ဆောင်မှုတွေ မြှင့်တင်ဖို့၊ စီးပွားရေးအပေါ် သက်ရောက်ထိခိုက်မှုတွေက ပြန်လည်နလံထူစေရေး ပြင်ဆင်ရာမှာ ပံ့ပိုးပေးဖို့ အေဒီဘီက သန္နိဌာန် ချထားပါတယ်” ဟု အေဒီဘီ ဥက္ကဋ္ဌ Masatsugu Asakawa ကပြောသည်။ ပဋိပက္ခဒေသများမှ အပါအဝင် ဆင်းရဲနွမ်းပါးသူများ၊ အားနည်းသူများနှင့် ထိခိုက်လွယ်သူအုပ်စုများအား လူမှုအထောက်အပံ့များပေးအပ်ခြင်း၊ ဗိုင်းရပ်စ်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ပိုမိုဆောင်ရွက်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာ အားကောင်းအောင် ဆောင်ရွက်ခြင်းနှင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သော အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ၊ အလုပ်သမားများအား ကူညီပံ့ပိုးရေးအတွက် အစိုးရ၏ဆောင်ရွက်မှုများကို အေဒီဘီ၏ လျှင်မြန်သော ဘဏ္ဍာငွေ အထောက်အပံ့က ကူညီပေးပါလိမ့်မယ်” ဟု ဥက္ကဋ္ဌက ပြောသည်။

အတည်ပြုရောဂါဖြစ်ပွားမှုအရေအတွက် နည်းပါးသော်လည်း ပြည်သူ့ကျန်းမာရေးစနစ် အကန့်အသတ်ရှိခြင်း၊ ရွှေ့ပြောင်းလူဦးရေ၊ မြို့ပြဗဟိုများတွင် လူနေထူထပ်ခြင်းနှင့် ရေနှင့်မိလ္လာစနစ် နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်နိုင်တင်းအား ခုခံနိုင်စွမ်း နည်းပါးနေဆဲဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ရန်၊ မိသားစု ၅ ဒဿမ ၅ သန်းအား ငွေကြေးထောက်ပံ့ရန်၊ အခွန်ကင်းလွတ်ခွင့် ပေးအပ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်သမားများအတွက် အခြားသော ဆောင်ရွက်ချက်များ ပါဝင်သော ဒေါ်လာ ၂ ဒဿမ ၅ ဘီလျံတန် စီးပွားရေးမြှင့်တင်မှုအစီအစဥ်ကို အစိုးရက ဧပြီလတွင် ကြေငြာခဲ့သည်။

အေဒီဘီ၏ COVID-19 Active Response and Expenditure Support (CARES) အစီအစဥ်ကို အေဒီဘီ၏ Countercyclical Support Facility အောက်ရှိ COVID-19 pandemic response option (CPRO) ကတဆင့် ငွေကြေးထောက်ပံ့ထားသည်။ အဖွဲ့ဝင်ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ကပ်ရောဂါ တုန့်ပြန်ရေးအတွက် ဧပြီ ၁၃ ရက်နေ့တွင် ကြေငြာခဲ့သည့် အေဒီဘီ၏ ဒေါ်လာ ၂၀ ဘီလျံတိုးချဲ့အထောက်အပံ့ အစိတ်အပိုင်းအနေဖြင့် CPRO အား ထူထောင်ခဲ့ခြင်းဖြစ်သည်။  

မြန်မာနိုင်ငံအတွက် အေဒီဘီ၏ ပထမဆုံးတန်ပြန်ပံ့ပိုးမှုဖြစ်သည့် CARES အစီအစဥ်အား အေဒီဘီ၏ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိအစီအစဥ်များအပေါ် အခြေခံထားသည်။ ထိုအထဲတွင် မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်း ကနဦးတုန့်ပြန်မှုကို ပံ့ပိုးပေးရန် ဧပြီလတွင် ကျန်းမာရေးလုံခြုံမှုစီမံကိန်းမှ ဒေါ်လာ ၆ ဒဿမ ၆ သန်း လွှဲပြောင်းပေးခြင်းလည်း ပါဝင်သည်။ သံသယလူနာများအား သတ်မှတ်ဆေးရုံများတွင် သီးခြား ထားရှိခြင်း၊ တွေ့ထိထားသူများအား ရှာဖွေခြင်း၊ စမ်းသပ်ပစ္စည်းများ၊ အသက်ရှူစက်များ၊ တကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံများ ဝယ်ယူခြင်းကဲ့သို့ အစိုးရ၏ ကျန်းမာရေးကဏ္ဍ အရေးပေါ်အစီအမံများအတွက် အကူအညီဖြစ်စေရန် ဒေါ်လာသန်း ၃၀ ထပ်တိုးပေးအပ်ရန်လည်း စဥ်းစားနေသည်။

အခြားသောဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ဆွေးနွေးတိုင်ပင်ဖန်တီးထားသည့် CARES အစီအစဥ်သည် အေဒီဘီ၏ 2017-2021 Country Partnership Strategy နှင့်လည်းထပ်တူကျနေသည်။ ထို့ပြင် လက်ရှိဆောင်ရွက်နေသော ကျန်းမာရေး၊ လူမှုအထောက်အပံ့များ၊ အလုပ်အကိုင်ဖန်တီးပေးသည့် အခြေခံအဆောက်အအုံ စီမံကိန်းများကိုလည်း ဖြည့်စွပ်ပေးနေသည်။ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း၊ ဘဏ္ဍာငွေပေးအပ်ခြင်းတို့အတွက် အေဒီဘီက နည်းပညာအကြံဉာဏ်များ၊ အသိပညာ အထောက်အပံ့များဖြင့် ထောက်ကူပြုနေသည်။

ADB သည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact