မနီလာ၊ ဖိလစ်ပိုင် (၅ ဒီဇင်ဘာ ၂၀၂၀) — မြန်မာနိုင်ငံက အလတ်စားဓာတ်အားခွဲရုံ ၄၄ ရုံတည်ဆောက်ရန်နှင့် ကရင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းပြီး ၁,၀၀၆ ကီလိုမီတာရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ချေးငွေ ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်းကို အတည်ပြုလိုက်သည်။      

ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှုမြှင့်တင်ရေးစီမံကိန်းသည် ကျေးရွာ ၂,၈၁၅ ရွာရှိ အိမ်ထောင်စုပေါင်း ၄၀၀,၃၀၀ ထံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးအတွက် ဓာတ်အားကွန်ယက်ကို ချဲ့ထွင်ပေးလိမ့်မည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး ကွန်ပျူတာစနစ်သုံး အလိုအလောက် ဖြန့်ဝေရေးစနစ်ကို တည်ထောင်မည်ဖြစ်သည်။ ၎င်းစနစ်က စွမ်းအင်ဖြန့်ဖြူးမှုကို အချိန်နှင့်တပြေးညီစောင့်ကြည့်ပြီး ကွန်ယက်အမှားများကို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

ဤစီမံကိန်းတွင် လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်း၍ မြို့နယ်နှင့် ကျေးရွာအဆင့်တွင် အမျိုးသမီးများ အလုပ်လုပ်ကိုင်မှု မြှင့်တင်ရေးအတွက် အလုပ်ခန့်ထားရေးနည်းလမ်းများ ဖော်ဆောင်ရန် နည်းပညာအကူအညီ ဒေါ်လာတစ်သန်း ထည့်သွင်းထားသည်။

“စီမံကိန်းက ကျေးလက်ဒေသများတွင် တည်ငြိမ်၊ ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးခြင်း၊ အားလုံးပါ၀င်သည့် စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းလျှပ်စစ်ဓာတ်အားရရှိရေးအတွက် မြန်မာနိုင်ငံ၏ မျှော်မှန်းချက်ကို အထောက်အကူပြုလိမ့်မည်” ဟု အေဒီဘီ၏ စွမ်းအင်စီးပွားရေးကျွမ်းကျင်သူ Duy-Thanh Bui က ပြောသည်။ “ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုရရှိစေခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း) ကူးစက်မှု၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများကိုလည်း ဤစီမံကိန်းက လျှော့ချလိမ့်မည်" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကုန်ထုတ်လုပ်မှု၊ ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ၀န်ဆောင်မှုကဏ္ဏများ တိုးတက်လာမှုအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅-၂၀၁၉ တွင် နှစ်စဉ်ပျမ်းမျှ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါက တိုးတက်မှုကို နှေးကွေးစေရန် ခြိမ်းခြောက်နေသည်။ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ တိုးတက်မှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အစိုးရက ကျယ်ပြန့်သော လူမှုစီးပွားရေး ပံ့ပိုးပေးရေးအစီအစဉ်ကို အကောင်အထည်ဖော်နေသည်။ ယုံကြည်စိတ်ချရသော၊ လူတိုင်းတတ်နိုင်သော လျှပ်စစ်ဓာတ်အားပံ့ပိုးမှုသည် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် တိုင်းပြည်၏ စီးပွားရေး ပြန်လည်နာလန်ထူမှုကို အရှိန်မြှင့်တင်ရေးအတွက် လူသားအရင်းအနှီး မြင့်တက်အောင်ပြုလုပ်ရာတွင် အဓိကအခန်းကဏ္ဏမှ ပါဝင်နေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် နှိုင်းယှဥ်လျှင် စီမံကိန်းဧရိယာများတွင် ဆင်းရဲနွမ်းပါးမှု မြင့်မားပြီး လျှပ်စစ်ဓာတ်အားရရှိမှုနှုန်း နိမ့်ကျသည်။ မကွေးတိုင်းဒေသကြီး၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၃၅ ဒသမ ၆ ရာခိုင်နှုန်းရှိ၍ တစ်နိုင်ငံလုံးပျမ်းမျှ ၂၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဥ်ကြည့်နိုင်သည်။ ဧရာ၀တီတိုင်းဒေသကြီးရှိ အိမ်ထောင်စုများ၏ ၁၇ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အားလိုင်းကို လက်လှမ်းမီကြပြီး တစ်နိုင်ငံလုံးတွင် ပျမ်းမျှ ၄၉ ရာခိုင်နှုန်း လက်လှမ်းမီကြသည်။ ရည်မှန်းထားသော အကျိုးခံစားသူများ၏ အခြေခံလျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ထောက်ပံ့နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားကွန်ရက်မှ လျှပ်စစ်ဓာတ်အား ဂီဂါ၀ပ်နာရီ ၃၁၀ ကျော်ထောက်ပံ့ပေးနိုင်ရန် စီမံကိန်းက ကူညီလိမ့်မည်။ စီမံကိန်းက ထောင်ပေါင်းများစွာသော ကျောင်းများ၊ ဆေးခန်းများ၊ ဆေးရုံများနှင့် စာကြည့်တိုက်များသို့ လျှပ်စစ်ကွန်ရက်ကို ချဲ့ထွင်သွားလိမ့်မည်ဖြစ်သည်။

အစိုးရ၏ စွမ်းအင်မူဝါဒပြုပြင်ပြောင်းလဲမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဏကို ပံ့ပိုးပေးရန် ၂၀၁၂ ခုနှစ်မှစ၍ အေဒီဘီသည် ချေးငွေနှင့်နည်းပညာအကူအညီ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့ထားသည်။ အေဒီဘီ၏ ချေးငွေသည် ဖြန့်ဖြူးရေးဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် အဓိကထားသည်။ အေဒီဘီ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ၀န်ဆောင်မှုများက နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရန် အားထုတ်မှုများကို  ပံ့ပိုးပေးထားသည်။ လျှပ်စစ်ကွန်ရက်အမှတ်အသားများ တပြေးညီဖြစ်စေရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ရောင်းချမှုစသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း အေဒီဘီက နည်းပညာအကူအညီများ ပေးအပ်ခဲ့သည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact

SHARE THIS PAGE