မနီလာ၊ ဖိလစ်ပိုင် (၉ အောက်တိုဘာ  ၂၀၂၀)၊ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ် (ကိုဗစ်နိုင်တင်း) ကပ်ရောဂါအား တုံ့ပြန်ဆောင်ရွက်မှုကို အားဖြည့်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ချေးငွေ ဒေါ်လာသန်း ၃၀ အတည်ပြုလိုက်သည်။ အထူးသဖြင့် လူနည်းစုများနေထိုင်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားသော မရှိမဖြစ် ဝန်ဆောင်မှုများ လုံလောက်စွာ မရရှိသည့် ဒေသများအတွက် ဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲ (GMS) ကျန်းမာရေးလုံခြုံမှုစီမံကိန်းအတွက် ထပ်တိုးရန်ပုံငွေလည်းဖြစ်သည့် ဤချေးငွေသည် ကိုဗစ်နိုင်တင်းနှင့် အခြားသော ပြည်သူ့ကျန်းမာရေး ခြိမ်းခြောက်မှုများကို ကျန်းမာရေးစနစ်က တုံ့ပြန်ဆောင်ရွက်ရာတွင် အကူအညီဖြစ်စေရေးအတွက် အစိုးရက နိုင်ငံတစ်ဝှမ်းရှိ ခရိုင်နှင့်မြို့နယ်ဆေးရုံ ၃၁ ရုံသို့ ဆေးဝါးကုသ စောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှု၊ ရောဂါကူးစက်မှုကို ကာကွယ်ခြင်းနှင့် လူသားအရင်းအမြစ် စွမ်းရည်များအပါအ၀င် ရင်းနှီးမြှုပ်နှံမှုများ ချက်ချင်းပြုလုပ်နိုင်ရန် ကူညီလိမ့်မည်ဖြစ်သည်။

“လက်ရှိ ကျန်းမာရေးလုံခြုံမှုစီမံကိန်းကတဆင့် အေဒီဘီက အလျှင်အမြန်ထောက်ပံ့ပေးခြင်းသည် အစိုးရ၏ ကျန်းမာရေးကဏ္ဏ စဉ်ဆက်မပြတ်အစီအစဉ်အပေါ် အခြေခံ၍ ကိုဗစ်နိုင်တင်းအား တုံ့ပြန်မှုကို အားဖြည့်စေလိမ့်မည်ဖြစ်ပြီး၊ ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ကျန်းမာရေး ၀န်ဆောင်မှုများ ဆက်လက်ပေးအပ်ရန် ရည်မှန်းထားပါတယ်” ဟု လူမှုကဏ္ဏ အကြီးတန်းကျွမ်းကျင်သူ Rikard Elfving က ပြောသည်။ “ဒီရင်းနှီးမြှုပ်နှံမှုက ကျန်းမာရေးစောင့်ရှောက်မှုအပါအ၀င် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများကို လုံလုံလောက်လောက် လက်လှမ်းမမီခြင်းနှင့် ဆင်းရဲနွမ်းပါးမှု၏ စိန်ခေါ်ခြင်းကို ခံနေရသော ထိခိုက်လွယ်သူများနှင့် လူနည်းစုများအတွက် ၀န်ဆောင်မှုပေးနေသည့် ဆေးရုံများအပေါ် အာရုံစိုက်ပါလိမ့်မယ်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက အရင်းအမြစ်များကို ခရိုင်နဲ့ မြို့နယ်ဆေးရုံများသို့ ထိရောက်စွာပေးပို့နိုင်ရေးနဲ့ ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်စွမ်း မြှင့်တင်ဖို့ ကူညီပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

ထပ်တိုးရန်ပုံငွေက ကိုဗစ်နိုင်တင်း လူနာများကို ဆန်းစစ်ခြင်း၊ သီးခြားထားရှိခြင်းနှင့် ကုသခြင်းတို့အတွက် အရေးပေါ်ဌာနများအား ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်းအားဖြင့် ကုသရေး စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေလိမ့်မည်ဖြစ်သည်။ စီမံကိန်းတွင် ဓာတ်ခွဲခန်းနှင့် ဆေးရုံသုံး ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း၊ အောက်စီဂျင်၊ လျှပ်စစ်၊ ရေနှင့် အခြားမရှိမဖြစ် လိုအပ်သော သွင်းအားစုများ တပ်ဆင်လည်ပတ်ခြင်းတို့လည်း ပါဝင်လိမ့်မည်ဖြစ်သည်။

 ဆေးရုံများအနေဖြင့် သီးခြားထားရှိရာနေရာများနှင့် ဆေးပစ္စည်းစွန့်ပစ်ခြင်း စီမံခန့်ခွဲမှုစနစ်များ အဆင့်မြှင့်ခြင်းအားဖြင့် ရောဂါကူးစက်မှုကို တားဆီးကာကွယ်နိုင်ရန် ချေးငွေက ကူညီလိမ့်မည်။ ဆေးရုံ ၀န်ထမ်းများအား တကိုယ်ရေသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးကာ ကိုဗစ်နိုင်တင်းနှင့် ဆက်စပ်နာမကျန်းဖြစ်မှုများအတွက် အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်မှုရှိ လူနာများအား အကဲဖြတ်ရန်နှင့် ကုသမှု စီမံခန့်ခွဲရန် လေ့ကျင့်ပေးလိမ့်မည်။ လိင်အခြေပြု အကြမ်းဖက်မှုများ သိရှိဖော်ထုတ်ခြင်းနှင့် ဆက်စပ် လွှဲပြောင်းပေးရေးအတွက် ရွေးချယ်စရာများကိုလည်း  သင်တန်းပေးမည်ဖြစ်သည်။

သြဂုတ် ၂၁ ရက်တွင် အတည်ပြုထားသော ဒေါ်လာသန်း ၂၅၀ ပမာဏရှိ COVID-19 Active Response and Expenditure Support (CARES) အစီအစဥ်ကို ယခုပံ့ပိုးမှုအသစ်က ဖြည့်စွက်ပေးလိမ့်မည်။ CARES အစီအစဥ်ကို အေဒီဘီ၏ Countercyclical Support Facility အောက်ရှိ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါတုံ့ပြန်မှု (CPRO) အောက်မှ ပံ့ပိုးပေးခြင်းဖြစ်သည်။ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်နိုင်ငံများ၏ ကပ်ရောဂါတုံ့ပြန်ရေးအတွက် အေဒီဘီ၏ ဒေါ်လာ ၂၀ ဘီလျံ တိုးချဲ့ကူညီမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် CPRO ကိုတည်ထောင်ခဲ့သည်။

ကပ်ရောဂါအား မြန်မာနိုင်ငံ၏ အစောပိုင်းတုံ့ပြန်မှုများကို အားဖြည့်ရန်အတွက် အပူချိန်တိုင်းကိရိယာများ၊ တကိုယ်ရေသုံးအကာအကွယ်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ကြပ်မတ်ကုသမှုအတွက် အသက်ရှူစက်များကဲ့သို့ ဆေးပစ္စည်းကိရိယာများ ဝယ်ယူရန် မဟာမဲခေါင်ဒေသခွဲ ကျန်းမာရေးလုံခြုံမှုစီမံကိန်းမှ ဒေါ်လာ ၆ ဒသမ ၆ သန်းကို ယခုနှစ်အစောပိုင်းတွင် အေဒီဘီက ကတိပြုခဲ့သည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact