မနီလာ၊ ဖိလစ်ပိုင် (၂၉ အောက်တိုဘာ ၂၀၂၀) — မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး၏ မြို့တော်နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့ကို ဆက်သွယ်မည့် ၆၄ ကီလိုမီတာရှည် အမြန်လမ်း တည်ဆောက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ချေးငွေ ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းကို အတည်ပြုခဲ့ပြီး မဟာမဲခေါင်ဒေသခွဲ (GMS) အရှေ့ -အနောက်စီးပွားရေးစင်္ကြံတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးပေးခဲ့သည်။

“မဟာမဲခေါင်ဒေသခွဲ အဝေးပြေးလမ်းအဆင့်မြှင့်တင်ရေး ဒုတိယစီမံကိန်းသည်  လေးလမ်းသွား၊ ရာသီဥတုဒဏ်ခံ အမြန်လမ်းမကြီးအား အစိုးရက တည်ဆောက်နိုင်စေရန်နှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံတစ်လျှောက် ကုန်စည်နှင့် ပြည်သူများ ပိုမိုထိရောက်လုံခြုံစွာ ရွေ့လျားသွားလာနိုင်စေရေးအတွက် ကူညီလိမ့်မည်” ဟု အေဒီဘီ၏ အကြီးတန်းပို့ဆောင်ရေးကျွမ်းကျင်သူ Shihiru Date ကပြောကြားသည်။ "ဒီစီမံကိန်းက မဟာမဲခေါင်ဒေသခွဲ စင်္ကြံတစ်လျှောက်ရှိ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများ မြန်မာနိုင်ငံနှင့် ဆက်သွယ်မှုကို အားကောင်းလာစေပြီး ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို မြှင့်တင်ပေးမည်ဖြစ်သလို ရာသီဥတုဒဏ်ခံနိုင်မှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုတို့ကိုလည်း မြှင့်တင်ပေးပါလိမ့်မည်" ဟု ၎င်းကပြောသည်။

သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး၏ ပျမ်းမျှ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် မြန်မာနိုင်ငံအစိုးရက ရည်ရွယ်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အခပေးအဝေးပြေးလမ်းမကြီးများကို စီမံခန့်ခွဲရန်နှင့် လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးမှုများ အကောင်အထည်ဖော်ရေး စွမ်းဆောင်ရည် တိုးတက်အောင် စီမံကိန်းက ကူညီလိမ့်မည်ဖြစ်သည်။ စီမံကိန်းတွင် ပဲခူး - ကျိုက်ထိုစင်္ကြံတစ်လျှောက်ရှိ ရွာသူရွာသားများအတွက် လူထုအခြေပြု လမ်းအန္တရာယ်ကင်းရှင်းရေးအစီအစဉ်သစ်တစ်ခု ပါ၀င်လိမ့်မည်။

အမြန်လမ်းတွင် စစ်တောင်းမြစ်ကို ဖြတ်ကူးမည့် ၂ ဒသမ ၃ ကီလိုမီတာရှည် တံတားတစ်ခုပါရှိလိမ့်မည်ဖြစ်သည်။ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက စစ်တောင်းတံတား တည်ဆောက်ရေးအတွက် ဂျပန်ယန်း ၂၇ ဒသမ ၇၈ ဘီလျံ (ဒေါ်လာ ၂၅၄ ဒသမ ၈ သန်းနှင့် ညီမျှသော) ချေးငွေကို ထောက်ပံ့မည်ဖြစ်သည်။

၂၀၁၂ ခုနှစ်ကစတင်ကာ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဏအတွက် အေဒီဘီက အဓိက ပံ့ပိုးပေးနေပြီး မဟာမဲခေါင်ဒေသခွဲစင်္ကြံနှင့် ကျေးလက် - မြို့ပြ ဆက်သွယ်မှုများကို အာရုံစိုက်ထားသည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact