မနီလာ၊ ဖိလစ်ပိုင် (၁၁ ဒီဇင်ဘာ ၂၀၂၀) – ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များအနေဖြင့် ထိရောက်ပြီး အန္တရာယ်ကင်းသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း) ကာကွယ်ဆေးများ ဝယ်ယူဖြန့်ဖြူးရာတွင် လျှင်မြန်ညီမျှစွာထောက်ပံ့မှု ပေးရေးအတွက် ဒေါ်လာ ၉ ဘီလျံရှိ ကာကွယ်ဆေးပဏာမခြေလှမ်း Asia Pacific Vaccine Access Facility (APVAX) ကို အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က စတင်လိုက်သည်၊
“အေဒီဘီ၏ ဖွံ့ဖြိုးဆဲအဖွဲ့၀င်နိုင်ငံများက သူတို့ပြည်သူပြည်သားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေကြချိန်မှာ ကာကွယ်ဆေးများ ဝယ်ယူရန် ရန်ပုံငွေလိုအပ်သလို ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို လုံခြုံစွာ၊ ညီမျှစွာနှင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် သင့်လျော်သောအစီအမံများနှင့် တတ်သိနားလည်မှုများ လိုအပ်နေပါတယ်” ဟု အေဒီဘီဥက္ကဌ Masatsugu Asakawa က ပြောကြားသည်။ “ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များက ဤစိန်ခေါ်မှုများကိုရင်ဆိုင်ရန်၊ ကပ်ရောဂါကိုကျော်လွှားရန်နှင့် စီးပွားရေး ပြန်လည် နာလန်ထူရေး အာရုံစိုက်နိုင်ရန်အတွက် APVAX က အဓိက အခန်းကဏ္ဏကနေ ပါ၀င်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
အာရှနှင့်ပစိဖိတ်ဒေသတွင် ရောဂါဖြစ်ပွားမှု ၁၄ ဒသမ ၃ သန်းကျော်ရှိပြီဖြစ်ပြီး ၂၀၀,၀၀၀ ကျော်သေဆုံးခဲ့ရသည်။ ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ဖွံ့ဖြိုးဆဲအာရှဒေသ၏ စီးပွားရေးတိုးတက်မှုသည် ၂၀၂၀ ပြည့်နှစ်တွင် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ၁၉၆၀ ပြည့်နှစ် အစောပိုင်းနောက်ပိုင်း စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် ကျုံ့လှီသွားခြင်းဖြစ်သည်။
ကာကွယ်ဆေးများကို အန္တရာယ်ကင်းစွာ၊ ညီမျှစွာနှင့် ထိရောက်စွာ ရယူအသုံးပြုနိုင်မှုမြှင့်တင်ခြင်းသည် အေဒီဘီ၏ ကိုဗစ်နိုင်တင်းတုန့်ပြန်ရေး အားထုတ်မှုများထဲတွင် ထိပ်တန်းဦးစားပေးဖြစ်သည်။ ကာကွယ်ဆေးထိုး အစီအစဉ်များသည် ဗိုင်းရပ်စ်ပိုးကူးစက်မှုလမ်းကြောင်းကို ဖြတ်ချိုးခြင်း၊ အသက်ကယ်တင်ခြင်းနှင့် လူသားများ အလုပ်လုပ်နိုင်ခြင်း၊ ခရီးသွားလာခြင်းနှင့် လူမှုရေးလှုပ်ရှားမှုများတွင် လုံခြုံစွာပါဝင် လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကပ်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို လျော့ပါးစေမည်ဖြစ်သည်။
APVAX က ဖွံ့ဖြိုးဆဲအာရှဒေသ၏ ကာကွယ်ဆေးရရှိမှုကို ပံ့ပိုးပေးရန်အတွက် ပြီးပြည့်စုံသည့် မူဘောင်နှင့် အရင်းအမြစ်ကို အစိတ်အပိုင်းနှစ်ခုဖြင့် ထောက်ပံ့ပေးသည်။ Rapid Response Component က အရေးကြီးသောလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးရှာဖွေခြင်း၊ ကာကွယ်ဆေးဝယ်ယူခြင်းနှင့် ကာကွယ်ဆေးများကို ဝယ်ယူသည့်နေရာမှ အေဒီဘီ၏ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များထံ သယ်ယူပို့ဆောင်ခြင်းတို့အတွက် အချိန်မီ အထောက်အပံ့ပေးလိမ့်မည်ဖြစ်သည်။
Project Investment Component က ကာကွယ်ဆေးများကို အောင်မြင်စွာဖြန့်ဖြူးခြင်း၊ ဖြန့်ဝေခြင်းနှင့် စီမံခြင်းတို့တွင် စွမ်းရည်မြှင့်တင်ခြင်း၊ ရပ်ရွာလူထုထံ ရောက်ရှိထိတွေ့ခြင်းနှင့် စောင့်ကြည့်ခြင်းတို့အတွက် စနစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးလိမ့်မည်။ ၎င်းတို့တွင် အအေးကွင်းဆက်သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ မော်တော်ယာဉ်များ၊ ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံ၊ လုပ်ဆောင်ရေးအဆောက်အအုံများနှင့် အခြားသော ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။ ဖွံ့ဖြိုးဆဲအဖွဲ့၀င်နိုင်ငံများတွင် ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ခြင်း၊ သို့မဟုတ် တိုးချဲ့ခြင်းအတွက်လည်း ဤအစိတ်အပိုင်းကို အသုံးပြုနိုင်သည်။
ကာကွယ်ဆေးအတွက် အေဒီဘီ၏ ရန်ပုံငွေပေးအပ်မှုကို ကမ္ဘာ့ဘဏ်အုပ်စု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ရရှိရေးအစီအစဥ် (COVAX)၊ GAVI တို့ အပါအဝင် အခြားဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် နှစ်ဘက်နှင့် ဘက်ပေါင်းစုံ နီးကပ်စွာညှိနှိုင်းပြီး ထောက်ပံ့ပေးလိမ့်မည်ဖြစ်သည်။
လုံခြုံပြီး ထိရောက်သောကာကွယ်ဆေးများကို မျှတစွာ အသုံးပြုနိုင်ရန် APVAX က မြှင့်တင်အားပေးသည်။ ကာကွယ်ဆေးက ငွေကြေးပံ့ပိုးမှု အရည်အချင်းပြည့်မီရန်အတွက် စံသတ်မှတ်ချက်သုံးခုအနက် တစ်ခုနှင့် ကိုက်ညီရမည်ဖြစ်သည်။ ၎င်းကို COVAX မှတဆင့် ဝယ်ယူရမည်၊ WHO က ကြိုတင်သတ်မှတ်ထားသော အရည်အချင်း၊ သို့မဟုတ် Stringent Regulatory Authority က လုပ်ပိုင်ခွင့်ပေးထားရမည်။ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များ၏ ကာကွယ်ဆေးထိုးရန် လိုအပ်မှုအကဲဖြတ်ချက်နှင့် ကာကွယ်ဆေး ခွဲဝေချထားရေးအစီအမံ၊ ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များအကြား ထိရောက်သော ညှိနှိုင်းဆောင်ရွက်မှုယန္တရား စသည့်အပိုဆောင်း လက်လှမ်းမီမှုစံနှုန်းများက APVAX အောက်ရှိ ကာကွယ်ဆေးအထောက်အပံ့ကို မျှတစွာနှင့် ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် ကူညီပေးမည်ဖြစ်သည်။
လုံခြုံထိရောက်သော ကာကွယ်ဆေးများရရှိရေးအတွက် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များ၏ ကြိုးပမ်းမှုကို အထောက်အကူပြုရန် ဒေါ်လာသန်း ၅၀၀ ရှိ Vaccine Import Facility ကို အေဒီဘီက ပြုလုပ်နေပြီး ထိုအထဲတွင် ဖြန့်ဖြူးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို အထောက်အကူပြုသော ကုန်စည်များလည်း ပါဝင်သည်။ အဆိုပါအစီအမံသည် အေဒီဘီ၏ Trade and Supply Chain Finance Program ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အစီအစဥ်၏ ကာကွယ်ဆေး တင်သွင်းမှုမှတစ်ဆင့် ရရှိနိုင်သော AAA-အာမခံချက်သည် ငွေပေးချေရေးတွင် စွန့်စားရမှုများကို လျော့ပါးစေပြီး ကုန်စည်များ တင်သွင်းမှုကို လွယ်ကူစေသည်။ ၎င်းတွင် ကာကွယ်ဆေးနှင့် ပတ်သက်၍ အရည်အချင်းပြည့်မီမှုစံနှုန်းများမှာ COVAX နှင့် တန်းတူဖြစ်သည်။ ပုဂ္ဂလိကကဏ္ဏ မိတ်ဖက်များနှင့် ပူးပေါင်းပါက တစ်နှစ်အတွင်း ကာကွယ်ဆေးနှင့် ဆက်စပ်တင်သွင်းမှုအတွက် ဒေါ်လာ တစ်ဘီလျံရှိ သွင်းကုန်ထောက်ပံ့မှုကို ပေါ်ထွက်စေနိုင်သည်။
ကပ်ရောဂါ ကူးစက်မှု၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ဖွံ့ဖြိုးဆဲအဖွဲ့ဝင်များအား ပံ့ပိုးရန် ဒေါ်လာ ၂၀ ဘီလျံကို ဧပြီလတွင် အေဒီဘီက အတည်ပြုခဲ့ပြီး ပိုမိုမြန်ဆန်ကာ ပြောင်းလွယ်ပြင်လွယ်ရှိသော အကူအညီပေးရေး လုပ်ထုံးလုပ်နည်းများကို စီစဉ်ခဲ့သည်။ အေဒီဘီက ဒေါ်လာ ၁၄ ဒသမ ၉ ဘီလျံရှိ ချေးငွေများ၊ ထောက်ပံ့ငွေများနှင့် နည်းပညာအကူအညီများအား ကတိကဝတ်ပြုထားရာ လျှင်မြန်သည့်ဘဏ္ဏာရေးထောက်ပံ့မှုဖြစ်သော COVID-19 Pandemic Response Option (CPRO) အတွက် ဒေါ်လာ ၉ ဒသမ ၉ ဘီလျံနှင့် ပုဂ္ဂလိကကဏ္ဏအတွက် ထောက်ပံ့မှုများလည်း ပါဝင်သည်။
အာရှနှင့်ပစိဖိတ်ဒေသတို့တွင် ကာကွယ်ဆေးများအား ထိရောက်စွာနှင့် မျှတစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် စနစ်ထူထောင်ရန် နည်းပညာအကူအညီ ဒေါ်လာ ၂၀ ဒသမ ၃ သန်း ပေးအပ်ရန် နိုဝင်ဘာလတွင် အေဒီဘီက ကြေညာခဲ့သည်။
အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။