မနီလာ၊ ဖိလစ်ပိုင် (၁၀ စက်တင်ဘာ ၂၀၂၀) - အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) သည် နှစ်စဉ် ထုတ်ပြန်နေကျဖြစ်သည့် “အာရှနှင့် ပစိဖိတ်ဒေသအတွက် အဓိကအညွှန်းကိန်းများ - ၂၀၂၀” ဟု အမည် ပေးထားသော စာရင်းအင်းအခြေပြ အစီရင်ခံစာနှင့် နောက်ဆုံးရအချက်အလက်များဖြင့် တည်ဆောက်ထားသည့် အဓိကအညွှန်းကိန်းများ အွန်လိုင်းအချက်အလက်သိုမှီးရာနေရာ Key Indicators Database တို့အား ယနေ့ မိတ်ဆက်ထုတ်ပြန်လိုက်သည်။
အဓိကအညွှန်းကိန်းများ - ၂၀၂၀ တွင် အေဒီဘီ၏ ဒေသတွင်း အဖွဲ့ဝင် ၄၉ နိုင်ငံတို့၏ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ နှစ်အထိ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အညွှန်းကိန်းများကို လွယ်ကူစွာ သဘောပေါက် နားလည်စေရန် စုစည်းတင်ပြထားသည်။ အစီရင်ခံစာတွင် အဓိကကျသည့် စာရင်းအင်းတစ်ရပ်မှာ ကမ္ဘာ့အသားတင် ကုန်ထုတ်လုပ်မှု (Global GDP) တန်ဖိုးအပေါ် ဤအာရှဒေသက အကြီးမားဆုံး ဖြည့်ဆည်းပေးနေသောပမာဏကို ဖော်ပြပေးသည့် ကိန်းဂဏန်းများဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် ဤဒေသသည် ကမ္ဘာ့ GDP ကို ၂၆ ဒသမ ၃ ရာခိုင်နှုန်းသာ ဖြည့်ဆည်းပေးနေရာမှ ၂၀၁၉ ခုနှစ်တွင် ၃၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။
“အာရှနဲ့ ပစိတ်ဖိတ်ဒေသဟာဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ဆောင်နိုင်ခဲ့သလို သန်းနဲ့ချီတဲ့ပြည်သူတွေကို ဆင်းရဲတွင်းကနေ ကယ်တင်ပြီး ကမ္ဘာ့ GDP ကိုလည်း အများဆုံး ဖြည့်ဆည်းပေးရာဒေသကြီး ဖြစ်လာပါတယ်” ဟု အေဒီဘီ၏ ဘောဂဗေဒပညာရှင် အကြီးအကဲ Yasuyuki Sawada က ပြောကြားသည်။ “အချိန်နဲ့တပြေးညီ တိကျမှန်ကန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေက ကျွန်ုပ်တို့ကို ဒီဒေသရဲ့ ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမိုဖောင်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီလို ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကပ်ဘေးဖြစ်နေချိန်မျိုးမှာ အချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီကြခြင်းအားဖြင့် ဒီဒေသရဲ့ တိုးတက်မှုကို အထောက်အကူဖြစ်စေပြီး အားလုံးပိုမိုပါဝင်တဲ့၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အဓိကအညွှန်းကိန်းများ -၂၀၂၀ တွင် ဤအာရှနှင့် ပစိဖိတ်ဒေသတို့သည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့တွင် ဖြန့်ကျက်စိုးမိုးနိုင်မှုကို မီးမောင်းထိုးဖော်ပြပေးထားသည်။ ဤဒေသ၏ နိုင်ငံအလိုက် စီးပွားရေးတို့သည် ၂၀၁၉ ခုနှစ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၏ ကမ္ဘာလုံးခြုံ စုစုပေါင်းပမာဏအနက် သုံးပုံတစ်ပုံအထိ မြှုပ်နှံထားသည်။ ၂၀၀၀ ပြည့်နှစ်တွင် ကမ္ဘာ့ပို့ကုန်တန်ဖိုးစုစုပေါင်း၏ ၂၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ဤဒေသသည် ၃၆ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်တင်ပို့နိုင်ခဲ့သည်။ ဒေသတွင်း နိုင်ငံများ၏စီးပွားရေးတို့အနက် ထက်ဝက်ကျော်တွင် ၂၀၁၉ ခုနှစ်က နိုင်ငံအလိုက် GDP တိုးတက်မှုနှုန်းမှာ ၄ ရာခိုင်နှုန်းနှင့်အထက်ကို ရောက်ရှိခဲ့သည်။ သို့ရာတွင် ယင်းသို့တိုးတက်မှုများမှာ ယခုဖြစ်ပွားလျက်ရှိသည့် COVID-19 ကပ်ဘေးကာလတွင်မူ ခြိမ်းခြောက်မှု ခံနေရသည်။ သွားလာမှုများ ထိန်းချုပ် ကန့်သတ်ခြင်းတို့ကြောင့် လုပ်ငန်းလည်ပတ်မှုများကို လျှော့ချလိုက်ရသလို ပြည်သူများ၏ အထွေထွေ လုပ်ကိုင်ဆောင်ရွက်မှုများမှာလည်း လျော့ပါးသွားခြင်းတို့၏ အကျိုးရလဒ်အဖြစ် အလုပ်မဲ့နှုန်းများ မြင့်တက်လာသလို ဝင်ငွေများလည်း ကျဆင်းလာရသည်။
အစီရင်ခံစာတွင် အထူးဖြည့်စွက်ချက် (Special Supplement) ပါရှိပြီး ယင်းတွင် ဂြိုဟ်တုများမှ ပေးပို့ လာသည့် ပုံရိပ်အချက်အလက်များနှင့် သန်းခေါင်စာရင်းများ၊ အိမ်ထောင်စုအဆင့် စစ်တမ်းများပါ ထည့်သွင်း တွက်ချက်လျက် ဆင်းရဲမွဲတေမှုဆိုင်ရာ ခန့်မှန်းချက်များကို လေ့လာထားသည်။ ဤအစီရင်ခံစာသည့် ဆင်းရဲမွဲတေမှု ပြန့်နှံ့ဖြစ်ပွားပုံကို မြေပုံအဖြစ်ရေးဆွဲဖော်ပြနိုင်ရန် နည်းပညာပိုင်းလိုအပ်ချက်များနှင့် လက်တွေ့နည်းကျ စဉ်းစားဆင်ခြင်ချက်များကို ဖော်ထုတ်ထားသည်။ နိုင်ငံအလိုက် စာရင်းအင်းဌာနများမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြပေးထားခြင်းခြင်း မွမ်းမံဆန်းသစ်သည့် အချက်အလက် အရင်းအမြစ်များမှသည့် လက်တွေ့လုပ်ငန်းများအား ငွေကြေးမတည်ပေးခြင်းများ ဆောင်ရွက်ရာတွင် အပြည့်အဝ အကျိုးရှိစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
အဓိကအညွှန်းကိန်းများ -၂၀၂၀ တွင် အောက်ပါတို့ကိုလည်း ဖော်ပြပေးထားသည်။
- အာရှနှင့် ပစိဖိတ်ဒေသ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ (SDGs) နှင့် သက်ဆိုင်သည့် နောက်ဆုံးရအညွှန်းကိန်းများ။
- ပြည်သူများ၊ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအားစုများ၊ ငွေကြေး၊ ဘဏ္ဍာရေးနှင့် ကုန်ဈေးနှုန်းများ၊ ကမ္ဘာလုံးခြုံ အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုစနစ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်နှင့် လျှပ်စစ်၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် စီမံအုပ်ချုပ်ရေးစသည့် ပင်မကဏ္ဍကြီး ၈ ခုတို့နှင့် သက်ဆိုင်သည့် ဒေသဆိုင်ရာ အလားအလာများနှင့် ဇယားများ။
- ဖွံ့ဖြိုးဆဲ အာရှဒေသတွင်းရှိ ပြောင်းလဲမှုများအရ အမျိုးမျိုးသော ထုတ်ကုန်များအား ဖြည့်တင်း ထောက်ပို့ပေးရာတွင် ယင်းဒေသ၏ ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်း အလားအလာများအပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်အသစ်နှင့် နိုင်ငံတကာ တန်ဖိုးကွင်းဆက်များနှင့် ဆိုင်သည့် နောက်ဆုံးရ အချက်အလက်များ။
- ADB ၏ ဒေသတွင်း အဖွဲ့ဝင် ၄၉ နိုင်ငံ၏ နိုင်ငံအလိုက် နောက်ဆုံးရ အချက်အလက်ဇယားများ။
အဓိကအညွှန်းကိန်းများ အွန်လိုင်းအချက်အလက်သိုမှီးရာနေရာ Key Indicators Database ကို ၂၀၁၉ စက်တင်ဘာလတွင် ပထမဆုံး ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ မျက်မှောက်ကာလအထိ အညွှန်းကိန်းပေါင်း ၁,၁၀၀ ကျော်ကို ဝင်ရောက်လေ့လာနိုင်သလို အသုံးပြုရ ချောမွေ့လွယ်ကူစေရန်လည်း တည်ဆောက်ထားသည်။
အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။