မနီလာ၊ ဖိလစ်ပိုင် (၂၁ အောက်တိုဘာ၊ ၂၀၂၀) အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်နှင့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်နိုင်တင်း) ကပ်ရောဂါမှ စီးပွားရေး ပြန်လည်နာလန်ထူလာသည်နှင့်အမျှ နည်းပညာများကို မျှမျှတတလက်လှမ်းမီစေရေး ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ဥက္ကဌ Masatsugu Asakawa က ယနေ့တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီဂျစ်တယ်ကွာဟမှုကို နီးကပ်စေပြီး အရည်အသွေးမြင့် မိုဘိုင်းဘရော့ဘန်း အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လူတိုင်းလက်လှမ်းမီသော အင်တာနက်အသုံးပြုနိုင်မှုနှင့် လွှမ်းခြုံမှုရရှိစေခြင်းအားဖြင့် တည်ရှိပြီး ဒီဂျစ်တယ်အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့ရပါမယ်” ဟု အေဒီဘီက ပထမဆုံးအကြိမ် ကျင်းပသည့် အရှေ့တောင်အာရှဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာတမ်းဖတ်ပွဲ Southeast Asia Development Symposium တွင် မစ္စတာ Asakawa ကပြောကြားခဲ့သည်။ “ဒီအဆင့်တွေဟာ ကျန်းမာရေး၊ ပညာရေးတို့လို အခြေခံလူမှု၀န်ဆောင်မှုတွေကို လက်လှမ်းမီမှု တိုးတက်စေမှာဖြစ်သလို ဘဏ္ဏာရေး၀န်ဆောင်မှုတွေကိုလည်း လက်လှမ်းမီစေပါလိမ့်မယ်။ ဤရင်းနှီးမြှုပ်နှံမှုများဟာ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ၀င်ငွေမညီမျှမှုနှင့် အခွင့်အလမ်းကွာဟမှုတို့ ပိုမိုဆိုးရွားလာခြင်းတို့အား နိုင်ငံများအနေဖြင့် ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်စေရန် ကူညီပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

Southeast Asia Development Symposium သည် အရေးကြီးသော ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အစိုးရအရာရှိများနှင့် အခြားသက်ဆိုင်သူများကို ရှုထောင့်အမျိုးမျိုးမှ ပံ့ပိုးပေးရန် ရည်ရွယ်သည်။ ဒေသတွင်းရှိနိုင်ငံများသည် ကိုဗစ်နိုင်တင်းအား တုန့်ပြန်ဆောင်ရွက်မှုများကြားတွင် ဆက်လက်လုံးပန်းနေရဆဲဖြစ်သောကြောင့် ကူးစက်ရောဂါ၏ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ သက်ရောက်မှုများမှ ပြန်လည်နာလန်ထူလာသည်နှင့်အမျှ နိုင်ငံများအတွက် အသိပညာထောက်ပံ့ပေးရန် ယခုနှစ်အခမ်းအနားက အဓိကအာရုံစိုက်ထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဏရေးဝန်ကြီး Sri Mulyani Indrawati က မျက်နှာစုံညီအစည်းအဝေး အဖွင့်စကားပြောကြားခဲ့ပြီး The New Normal: Driving Economic Recovery through Digital Innovation ခေါင်းစဉ်ဖြင့် အဆင့်မြင့်ဆွေးနွေးမှုအား အေဒီဘီ၏ ဒုဥက္ကဌ Ahmed M. Saeed၊ အင်ဒိုနီးရှားပညာရေးနှင့်. ယဉ်ကျေးမှု၀န်ကြီး Nadiem Anwar Makarim၊ မိုက်ကရိုဆော့ဖ်၏ ပြည်သူရေးရာကဏ္ဌဆိုင်ရာ အာရှပစိဖိတ်ဒေသ အထွေထွေမန်နေဂျာ Sherie Ng၊ Google ၏ အစိုးရဆိုင်ရာနှင့် ပြည်သူ့ပေါ်လစီဆိုင်ရာ ဒုဥက္ကဌ၊ သံအမတ်ကြီး (အငြိမ်းစား) Ted Osius၊ Mastercard ၏ အစိုးရ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အကြီးတန်းဒုဥက္ကဌ Mimi Alemayehou နှင့် 500 Startups ၏ မန်နေဂျင်းပါတနာဖြစ်သူ Khailee Ng တို့ ပါဝင်ဆွေးနွေးကြသည်။

အဖွင့်မိန့်ခွန်းတွင် မစ္စတာ Asakawa က အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းသို့ ပြန်ရောက်လာစေရေးအတွက် ကူညီနိုင်သည့် အဓိကမူဝါဒငါးချက်ကို ပြောကြားခဲ့သည်။

  • ပထမအချက်အနေဖြင့် ဆိုက်ဘာလုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းပြီး ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခြင်းအားဖြင့် ဒစ်ဂျစ်တယ်ကွာဟမှုများအား နီးကပ်လာစေရန် အပါအဝင် ဒေသတွင်း ကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းပြီး နည်းပညာများကို မျှမျှတတလက်လှမ်းမီစေရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
  • ဒုတိယအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုနည်းပြီး ကြံ့ကြံ့ခံနိုင်သော စီးပွားရေးလုပ်ဆောင်မှုများကို တွန်းအားပေးသည့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ပေးခြင်းအားဖြင့် စိမ်းလမ်းပြီး ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်ရေးကို လွယ်ကူချောမွေ့စေမည်ဟု ပြောကြားခဲ့သည်။
  • တတိယအချက်အနေဖြင့် နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ဆက်သွယ်မှု၊ အီလက်ထရောနစ်  အကောက်ခွန်စနစ်များနှင့် အီလက်ထရောနစ် ကုန်တင်ခြေရာခံခြင်းစနစ်များကို တိုးမြှင့်ခြင်းဖြင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုကို အားကောင်းစေရန်ဖြစ်သည်။
  • စတုတ္ထအချက်အနေဖြင့် ကြွေးမြီခံနိုင်ရည်ရှိစေရန်နှင့်အတူ ပြည်သူ့ ၀န်ဆောင်မှုလုပ်ငန်းများကို ဘဏ္ဏာရေးထောက်ပံ့နိုင်ရန် ပြည်တွင်းအရင်းအမြစ်များ စုဆောင်းခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် တိုးမြှင့်ခြင်းဖြစ်သည်။
  • ပဉ္စမအနေဖြင့် နည်းပညာအခြေပြုကြီးထွားမှုအတွက် အထောက်အကူပြုရန် ဘဏ္ဏရေး၊ ပညာရေးနှင့် စီးပွားရေးဂေဟစနစ်များမှ ပံ့ပိုးပေးသော စီးပွားရေးစွမ်းဆောင်မှုနှင့် နည်းပညာများဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စုစည်းစေရန် တိုက်တွန်းခဲ့သည်။

ဒီဂျစ်တယ်နည်းပညာသည် ရေရှည်စီးပွားရေးပြန်လည်နာလန်ထူမှုတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်နှင့်အမျှ ဆွေးနွေးပွဲ ပါဝင်တက်ရောက်သူများက ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုမှတဆင့် စီးပွားရေးပြန်လည်ထူထောင်ရေးကို မည်သို့မြှင့်တင်ရမည်၊ နည်းပညာရယူရန် ဝန်းကျင်ကို မည်သို့မြှင့်တင်ရမည်နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဝေးမှ သင်ယူမှုများအတွက် နည်းပညာကို မည်သို့အသုံးပြုရမည်တို့အား ဆွေးနွေးခဲ့ကြသည်။ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အား သဟဇာတဖြစ်သည့် ရင်းနှီးမြုပ်နှံမှုများကိုမြှင့်တင်ပေးခြင်းဖြင့် စိမ်းလန်းပြီး ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်ရေးအား လွယ်ကူချောမွေ့စေမည့်နည်းလမ်းများကို စူးစမ်းလေ့လာခဲ့ကြသည်။ အသိဉာဏ်ရှိ သယ်ယူပို့ဆောင်ရေးစနစ်၊ ဥပမာအားဖြင့်  ယာဉ်ကြောပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုကိုလျှော့ချရန် အချိန်နှင့်တပြေးညီ ယာဉ်အသွားအလာထိန်းချုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းစနစ်များကို ထောက်ပံ့နိုင်ကာ စမတ်ကွန်ရက်စနစ်များက စိမ်းလန်းသော ပြန်လည်ထူထောင်ရေးအတွက် ပိုမိုထိရောက်သော စွမ်းအင်ထောက်ပံ့မှုကို အထောက်အကူပေးနိုင်သည်။

တရက်ကြာပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲက နိုင်ငံပေါင်း ၅၇ နိုင်ငံမှ အစိုးရ အဆင့်မြင့်အရာရှိများ၊ ပုဂ္ဂလိကကဏ္ဏ ကိုယ်စားလှယ်များနှင့် အခြားသက်ဆိုင်သူ ၁,၇၀၀ ကျော်ကိုဆွဲဆောင်နိုင်ခဲ့သည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက်ဦးတည် ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact