မနီလာ၊ ဖိလစ်ပိုင် (၃ ဧပြီ ၂၀၂၀) - အာရှဖွံ့ဖြိုးဆဲဒေသများတွင် ယခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရိုက်ခတ်မှုဒဏ်ကြောင့် ဒေသ၏စီးပွားရေးတိုးတက်မှု ကျဆင်းနိုင်ပြီး ယင်းဒဏ်အား ၂၀၂၁ ခုနှစ်အထိ ခံစားရနိုင်ခြေရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ နှစ်စဉ် ထုတ်ဝေသည့် အာရှဖွံ့ဖြိုးရေးရှုမြင်ချက် (ADO) ၂၀၂၀ တွင် ဖော်ပြထားသည်။
အစီရင်ခံစာအရ ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ ၂၀၁၉ စက်တင်ဘာက ADB ၏ ခန့်မှန်းချက်ဖြစ်သည့် ၅ ဒသမ ၅ မှ ၃ ဒသမ ၃ ရာခိုင်နှုန်း လျှော့ချ ပြင်ဆင်၍ ခန့်မှန်းထားခြင်းလည်း ဖြစ်သည်။ စီးပွားရေးတိုးတက်မှုသည် လာမည့် ၂၀၂၁ ခုနှစ်တွင် အတက်ဘက်သို့ ပြန်လည်ဦးတည်ကာ ၆ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိလာမည်ဟူ၍လည်း ခန့်မှန်းထားသည်။ သို့ရာတွင် ယင်းခန့်မှန်းချက်မှာ ထိုကာလတွင် ရောဂါပြန့်နှံ့ဖြစ်ပွားမှု လုံးဝရပ်တန့်ပြီး နဂိုမူလအတိုင်း လုပ်ငန်းဆောင်တာများ ပြန်လည် အသားကျ တည်ငြိမ်သွားမှသာ အကျုံးဝင်သည်။ စက်မှုဖွံ့ဖြိုးပြီးဖြစ်သည့် ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် တရုတ်တိုင်ပေတို့မှအပ အခြားအာရှ၏ ဖွံ့ဖြိုးဆဲဒေသများတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တက်လာနိုင်မည်ဟု ခန့်မှန်းထားသည်။ ယမန်နှစ်က ကိန်းဂဏန်း ဖြစ်သည့် ၅ ဒသမ ၇ ရာခိုင်နှုန်းနှင့် နိုင်းယှဉ်ထားခြင်းဖြစ်ကာ လာမည့်နှစ်အတွက်မူ ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ပြန်တက်လာမည်လည်းဖြစ်သည်။
“ဒီကမ္ဘာ့ကူးစက်ရောဂါကပ်ဘေးဖြစ်စဉ် ဖြစ်ပေါ်လာတဲ့အနေအထားမှာ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသတွင်း စီးပွားရေးအပေါ် ရှုမြင်ချက်တွေရော ဒီကပ်ဘေးရဲ့ ဆင့်ကဲပြောင်းလဲမှု အခြေအနေကိုယ်တိုင်ကိုရော မတိကျ မသေချာမှုမြင့်မြင့်မားမား ရှိနေပါတယ်။ စီးပွားရေးတိုးတက်မှု ကျဆင်းမှုရှိလာပြီး တခါပြန် နာလန်ထူနိုင်ဖို့ရာလည်း အခုခန့်မှန်းနေကြတာထက် ပိုနှေးကွေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ COVID-19 ရောဂါကပ်ဘေးကို ထိန်းချုပ်ဖို့နဲ့ စီးပွားရေးအပေါ်သက်ရောက်မှုတွေ နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်တဲ့နေရာမှာ ခိုင်မာပြီး ပူးပေါင်းမှုအားကောင်းတဲ့ အားစိုက်ထုတ်မှုတွေ လိုအပ်နေပါပြီ။ အထူးသဖြင့် ထိခိုက်ခံစားရအလွယ်ဆုံးနေရာတွေမှာ ဖြစ်ပါတယ်” ဟု ADB ၏ စီးပွားရေးပညာရှင်ချုပ် Yasuyuki Sawada က ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စက်မှုလက်မှု၊ ဝန်ဆောင်မှု၊ လက်လီအရောင်းအဝယ် လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ သိသာသည့် စီပွားရေးကျမှုများအား ပထမနှစ်ဝက်တာ ကာလအတွင်းမှာပင် ခံစားခဲ့ရပြီးဖြစ်သည်။ COVID-19 ပြန့်နှံ့ဖြစ်ပွားမှုက တရုတ်နိုင်ငံ၏ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုကို ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းအောင် ဆွဲချနိုင်သည်။ ၂၀၂၁ ခုနှစ်အရောက်တွင် ပုံမှန်ထက် အတန်ငယ်ပိုသည့် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ပြန်တက်သွားနိုင်သည်။ အိန္ဒိယတွင်မူ ဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ရန်နှင့် သက်ရောက်မှုများအတွက် အစီအမံများ လုပ်ဆောင်နေမှုနှင့် ကမ္ဘာလုံးဆိုင်ရာ နှေးကွေးနေမှုက မကြာသေးမီက ဆောင်ရွက်ခဲ့သည့် အခွန်ဖြတ်တောက်မှုများနှင့် ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများမှ အကျိုးကျေးဇူးများကို လျော့ကျစေနိုင်သည်။ အိန္ဒိယ၏စီးပွားရေးတိုးတက် မှုသည် ၂၀၂၀ ပြည့်နှစ်၏ ဘဏ္ဍာရေးနှစ်ကာလအတွင်းတွင် ၄ ရာခိုင်နှုန်းအထိ နှေးကွေးသွားနိုင်သော်လည်း ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်မူ ၆ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိကာ ပြန်လည်အားကောင်းသွားနိုင်မည် ဖြစ်သည်။
အာရှတိုက်တလွှားတွင် ဒေသပြင်ပနိုင်ငံများ အဓိကအားဖြင့် အခြားပင်မ စီးပွားရေးနိုင်ငံများ ဖြစ်သည့် အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့၏ ရင်းနှီးမြှုပ်နှံမှုကို များစွာမှီခိုနေရသည့် နိုင်ငံများအနေဖြင့်မူ စီးပွားရေးတိုးတက်မှုဆုတ်ယုတ်သည့်ဒဏ်ကို ပိုခံစားကြရမည်ဖြစ်သည်။ အချို့သော လူသုံးကုန်နှင့် စက်သုံး ဆီ တင်ပို့ရောင်းချသည့်နိုင်ငံများ အထူးသဖြင့် အာရှအလယ်ပိုင်းဒေသအနေဖြင့် လူသုံးကုန်ဈေးနှုန်းများ ပြိုကျသည့်ဒဏ်ကို ခံစားကြရမည်။ ရေနံစိမ်းဈေးသည် ၂၀၁၉ ခုနှစ်တွင် တစ်စည်လျှင် ၆၃ ဒေါ်လာရှိခဲ့ သော်လည်း ယခုနှစ်တွင်မူ ပျမ်းမျှ ၃၅ ဒေါ်လာအထိတိုင် ကျဆင်းဖွယ်ရှိနေသည်။
အာရှ၏ ဖွံ့ဖြိုးဆဲဒေသများအနေဖြင့် ယခုနှစ်တွင် ကမ္ဘာ့အခြေအနေအရ စီးပွားရေးတိုးတက်မှု ယုတ်လျော့သည့်ဒဏ်အား ခံစားကြရမည်သာဖြစ်သည်။ အချို့သော နိုင်ငံများမှာ ပြည်တွင်းတွင် ပြန့်နှံ့ ဖြစ်ပွားမှုနှင့် ရောဂါထိန်းချုပ်မှုဆိုင်ရာ မူဝါဒများအပေါ်မူတည်၍လည်း စီးပွားရေးအပေါ်သက်ရောက်မှုများ ရှိနိုင်သည်။ ဖွံ့ဖြိုးပြီးဒေသခွဲများသည် အများအားဖြင့် စီးပွားရေးအရ မျက်နှာစာသစ်များ ပိုဖွင့်လာနေသည့် ကာလလည်း ဖြစ်သည်။ ဥပမာ အရှေ့နှင့် အရှေ့တောင်အာရှဒေသနှင့် ပစိဖိတ်ဒေသများဖြစ်ကြပြီး ခရီးသွား လုပ်ငန်းအပေါ်တွင်လည်း များစွာမှီခိုမှုရှိရာ အဆိုပါနိုင်ငံများတွင် ပိုမို၍အထိ နာနိုင်မည်ဖြစ်သည်။ ပစိဖိတ်ဒေသတွင် စီးပွားရေးတိုးတက်မှုနှုန်းက ယခုနှစ်တွင် ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကာ ၂၀၂၁ တွင်မှ ၂ ဒသမ ၇ ရာခိုင်နှုန်းသို့ ပြန်လည်နာလန်ထူနိုင်မည်အနေအထား ဖြစ်သည်။
ဤအစီရင်ခံစာတွင် အာရှဒေသ၏ ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် လုပ်ငန်းကဏ္ဍအလိုက် COVID-19 သက်ရောက်မှုဒဏ်နှင့် ပတ်သက်သည့် နောက်ဆုံးရအချက်အလက်များအား ဖော်ပြပေးထားသည်။ ယင်း၏ သက်ရောက်မှုကြောင့် ကမ္ဘာနှင့်တစ်ဝန်း ဒေါ်လာ ၂ ထရီလီယံမှ ၄ ဒသမ ၁ ထရီလီယံအထိ ဆုံးရှုံးရနိုင်ခြေရှိကာ ကမ္ဘာဂျီဒီပီအားဖြင့် ဆိုပါလျှင် ၂ ဒသမ ၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သည့်အနေအထားတွင် ရှိနေသည်။ ဤခန့်မှန်းတွက်ချက်မှုများ၏ ADB ၏ မတ်လ ၆ ရက် ထုတ်ပြန်သော သုတေသနအပေါ် အသစ်ပြင်ဆင်မွမ်းမံထားခြင်းဖြစ်ကာ ဤကပ်ဘေး၏ မျက်မှောက် သရုပ် သကန်ကို ထင်ဟပ်နိုင်စေရန် ကြိုးပမ်းထားပြီး ရောဂါထိန်းချုပ်ရေးဆိုင်ရာ မူဝါဒများ၊ ကမ္ဘာနှင့်တစ်ဝန်း ခရီး သွားလာမှု ပိတ်ပင်တားမြစ်ချက်များအပေါ်လည်း လေ့လာထားသလို တရုတ်နိုင်ငံ၏ ဤကပ်ရောဂါမည်ကဲ့ သို့ သက်ရောက်လျက်ရှိပုံအချက်အလက်များအား အဓိက လေ့လာဆန်းစစ်ထားခြင်း ဖြစ်သည်။
ယခုခန့်မှန်းတွက်ချက်မှုတွင် အခြားထောက်ပံ့ရေးပြတ်တောက်မှုအတွက် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ များ၊ ကြားဖြတ်သုံးရနိုင်သည့်ငွေများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကုန်ကျစရိတ်များနှင့် ဖြစ်ပွားနိုင်ခြေရှိသည့် ငွေကြေးဆိုင်ရာပျက်ယွင်းမှုအခြေအနေများနှင့် စီးပွားရေးနှင့် ပညာရေးကဏ္ဍများ အပေါ် ရေရှည်သက်ရောက်နိုင်မှုများအား ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။
ADB သည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင် အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ ADB ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။