ဖွံ့ဖြိုးဆဲအာရှ၏ စီးပွားရေးတိုးတက်မှုနှုန်း ၂၀၂၀ ပြည့်နှစ်အတွင်း လျော့ဆင်းမည်

News Release | 15 စက်တင်ဘာလ 2020

မနီလာ၊ ဖိလစ်ပိုင် (၁၅ စက်တင်ဘာ ၂၀၂၀) - ဖွံ့ဖြိုးဆဲအာရှဒေသနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှုန်းများမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးနှစ်အဖြစ် ကျုံလှီလျော့ဆင်းမည်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း) ဖြစ်ပွားမှု အကျိုးဆက် စီးပွားရေး ထိခိုက်ပျက်စီးမှုများမှ စတင်ရုန်းထွက်လာမှုကြောင့် လာမည့်နှစ်တွင် စီးပွားရေးပြန်လည်နာလန်ထူလာလိမ့်မည်ဟု ယနေ့ထုတ်ပြန်လိုက်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။  

အေဒီဘီက နှစ်စဉ်ထုတ်ဝေသည့် အာရှဖွံ့ဖြိုးရေးရှုမြင်ချက်အစီရင်ခံစာ Asian Development Outlook (ADO) 2020 Update တွင် ဖွံ့ဖြိုးဆဲအာရှဒေသ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) မှာ ယခုနှစ်တွင် အနုတ် ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု ခန့်မှန်းထားပြီး ယင်းမှာ ၁၉၆၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် အနိမ့်ဆုံးလျော့ကျမည့်နှုန်းလည်း ဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၂၁ ခုနှစ် ရောက်သည့်အခါမှ ၆ ဒသမ ၈ ရာခိုင်နှုန်းသို့ ပြန်လည် မြင့်တက်လာမည်ဖြစ်ကာ ထိုသို့တိုးတက်မှု၏ တစ်စိတ်တစ်ဒေသမှာလည်း ၂၀၂၀ ပြည့်နှစ်တွင် အားနည်းခဲ့မှုနှင့် ဆက်စပ်မှုရှိနေမည်ဖြစ်သည်။ ယမန်နှစ် ကိုဗစ်နိုင်တင်း အကြိုကာလ ခန့်မှန်းချက်များတွင် လာမည့်နှစ်အတွင်း စီးပွားရေးပြန်လည်နာလန်ထူမည့်ပုံစံမှာ V အသွင်သဏ္ဍာန်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ယခုနောက်ဆုံး ADO အစီရင်ခံစာအရမူ L ပုံစံဖြင့်သာ နာလန်ထူနိုင်မည်ဟု ခန့်မှန်းသည်။ ယခုနှစ်အတွင်း ဤဒေသရှိ နိုင်ငံအလိုက် စီးပွားရေးများ၏ လေးပုံတစ်ပုံမှာ တိုးတက်မှုနှုန်းများက အနုတ်ဘက်ကို သက်ဆင်းနေကြမည် ဖြစ်သည်။

“အာရှနဲ့ပစိတ်ဖိတ်ဒေသအတွင်းက စီးပွားရေးအများစုဟာ ၂၀၂၀ လက်ကျန်ကာလတွေအတွင်းမှာ တိုးတက်ဖို့ဆိုတာ ခက်ရာခဲဆစ်ဖြစ်နိုင်မယ်လို့ ခန့်မှန်းပါတယ်” ဟု အေဒီဘီ၏ စီးပွားရေးပညာရှင် အကြီးအကဲ Yasuyuki Sawada က ပြောသည်။ “ဆက်ပြီး ချဲ့ထွင်ပြန့်ပွားလာနိုင်တဲ့ ပထမလှိုင်းတွေ၊ ဒါမှမဟုတ်ရင်လည်း ဖြစ်ပြီးသားနေရာတွေမှာ ထပ်ပြီး ဖြစ်ပွားတာတွေကြောင့် ရောဂါထိန်းချုပ်ရေးအစီအမံတွေကို လုပ်ဆောင်ကြရာက ကိုဗစ်နိုင်တင်းကပ်ဘေးရဲ့ စီးပွားရေးအပေါ် ခြိမ်းခြောက်မှုက ဆက်ပြီး ရှိနေနိုင်ပါတယ်။ ရောဂါကပ်ဘေးကို ဖြေရှင်းကိုင်တွယ်နိုင်ဖို့ရာ အားလုံးတစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်သလို ထိလွယ်ရှလွယ်အဖြစ်ဆုံးလူတွေရဲ့ အသက်တွေ၊ စားဝတ်နေရေးတွေကို အကာအကွယ်ပေးနိုင်ဖို့ ဦးစီးပေးမူဝါဒတွေ ချမှတ်ဆောင်ရွက်ရမှာ ဖြစ်ပြီး လုပ်ငန်းခွင်တွေကို ဘေးကင်းကင်းနဲ့ ပြန်ဝင်ရောက်နိုင်ကြဖို့၊ စီးပွားရေးလုပ်ငန်းတွေ ပြန်စတင်နိုင်ဖို့လည်း သေချာဆောင်ရွက်ကြရမယ်။ အားလုံးပါဝင်ပြီး၊ ရေရှည်တည်တံ့တဲ့ အပြီးသတ်နာလန်ထူနိုင်ရေးဆိုတာကို သေချာစေဖို့ဟာ အားလုံးတစ်ပြေးညီ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဖြစ်ပွားမှုအချိန်ကြာမြင့်လာပြီဖြစ်သည့် ကိုဗစ်နိုင်တင်း ရောဂါကပ်ဘေးသည် ဤဒေသ၏ စီးပွားရေး တိုးတက်မှုအပေါ် ရှုမြင်ချက်တွင် ယခုနှစ်ရော၊ လာမည့်နှစ်အတွက်ပါ အကြီးမားဆုံးအန္တရာယ်အဖြစ် ကျန်ရှိ နေဦးမည်သာ ဖြစ်သည်။ ဤအန္တရာယ်အား လျှော့ချရန် ဒေသတွင်းရှိ အစိုးရများသည် ဝင်ငွေထောက်ပံ့ပေးရေး အဓိကအပါအဝင် စုစုပေါင်း ကန်ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံ (အာရှ GDP ၏ ၁၅ ရာခိုင်နှုန်းနှင့် ညီမျှ) အပါအဝင် ကျယ်ပြန့်စွာ ဖြန့်ကျက်ရေးဆွဲထားသည့် မူဝါဒများဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။

အခြားအန္တရာယ်များထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် နည်းပညာပဋိပက္ခများ အရှိန်မြင့်တက်လာခြင်း အပါအဝင် ပထဝီနိုင်ငံရေးအရ တင်းမာမှုများလည်း ပါဝင်သည်။ ဘဏ္ဍာရေးအရ ထိခိုက်လွယ်သည့်အခြေအနေများကလည်း ကပ်ဘေးကြာမြင့်လာသည်နှင့်အမျှ ပိုမိုခံစားရဖွယ်ရှိသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အာရှဒေသတွင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအပေါ် ခုခံနိုင်သည့် စီးပွားရေးအနည်းအကျဉ်းထဲမှ တစ်ခုဖြစ်သည်။ ယင်း၏ တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ၁ ဒသမ ၈ ရာခိုင်းနှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းရှိနိုင်မည်ဟု ခန့်မှန်းသည်။ အောင်မြင်သည့် ပြည်သူ့ကျန်းမာရေး အစီအမံများ၏ အကျိုးရလဒ်လည်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်မူ အသွားအလာထိန်းချုပ် ကန့်သတ်မှုများက စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးသုံးစွဲမှုများကို ရပ်တန့်စေခဲ့ပြီး GDP မှာ ပထမသုံးလပြတ် ကာလတွင် ၂၃ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်အောင် လျော့ကျခဲ့သည်။ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုက ၉ ရာခိုင်နှုန်းသို့ လျော့ဆင်းသွားနိုင်ပြီး ၂၀၂၁ တွင် ၈ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းသည်။

ဖွံ့ဖြိုးဆဲအာရှ၏ ဒေသငယ်များတွင်မူ ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းတို့မှာ အနုတ်လက္ခဏာ ဖြင့်သာ အများစုမြင်တွေ့ရမည်မှု ခန့်မှန်းထားခြင်းဖြစ်သည်။ ခြွင်းချက်အနေဖြင့် အရှေ့အာရှတွင်မူ ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနိုင်ပြီး ၂၀၂၁ နာလန်ထူချိန်တွင် ၇  ရာခိုင်နှုန်းအထိ ခိုင်မာအားကောင်းလာနိုင်သည်။ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို ကြီးမားစွာမှီခိုနေရသည့် အချို့နိုင်ငံများ၊ အထူးသဖြင့် ပစိဖိတ်နှင့် တောင်အာရှ ဒေသများတွင်မူ ကိန်းဂဏန်း နှစ်ခုစာခန့်အထိ စီးပွားရေးလျော့ဆင်းမှုများအား ယခုနှစ်အတွင်း မြင်တွေ့ရနိုင်ဖွယ်ရှိနေသည်။ ပစိဖိတ်ဒေသအတွင်းရှိ ကွတ်ခ်ကျွန်းစုနိုင်ငံ၊ မိုက်ခရိုနီးရှား ဖက်ဒရိတ် တက်နိုင်ငံ၊ မာရှဲလ်ကွန်းစုနိုင်ငံ၊ ဆမ်မိုအာနှင့် တွန်ဂါနိုင်ငံများမှအပ ဖွံ့ဖြိုးဆဲအာရှ၏ နိုင်ငံအများစုမှာ လာမည့်နှစ်တွင် စီးပွားရေးအရ ပြန်လည် နာလန်ထူနိုင်မည်ဟု ခန့်မှန်းထားသည်။

ဖွံ့ဖြိုးဆဲအာရှ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ဧပြီလအတွင်းက ၃ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုအစီရင်ခံစာတွင်မူ ဝယ်လိုအားလျော့ပါးခြင်းနှင့် စက်သုံးဆီဈေးနှုန်းများ ဆက်လက်လျော့ကျနေခြင်း၏ အကျိုးဆက်အဖြစ် ၂ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြောင်းလဲခန့်မှန်းထားသည်။ ၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ ဒသမ ၃ ရာခိုင်နှုန်းသို့ လျော့ကျနိုင်မည်ဟု ခန့်မှန်းထားသည်။

၂၀၂၀ ပြည့်နှစ် ADO အစီရင်ခံစာတွင် စိုးရိမ်ဖွယ်ကာလတွင်းမှ ကောင်းကျိုးဟူသော အခန်းတစ်ခု ပါဝင်သည်။ အဆိုပါအခန်းတွင် ကိုဗစ်နိုင်တင်းဖြစ်ပွားမှုနှုန်းများနှင့် ဆက်စပ်လျက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ ကောင်းမွန်သည့်နေသည့် လူ့အသိုက်အဝန်းများ၏ စီးပွားရေးအပေါ် ကောင်းကျိုးပြုနိုင်ပုံကို ဆွေးနွေးထားသည်။ ထိုအချက်သည် ကျန်းမာရေးကောင်းမွန်လျက်ရှိ သည့် လူ့အသိုက်အဝန်းများသည် ဤဒေသ၏ အားလုံးပါဝင်စေမည့် စီးပွားရေးတိုးတက်မှုအတွက် နာလန်ထူချိန်တွင် အစိုးရများ၏ ဆီလျော်ကောင်းမွန်သည့် မူဝါဒများနှင့်အတူ အဓိကမောင်းနှင်အား ဖြစ်လာနိုင်သည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။