မနီလာ၊ ဖိလစ်ပိုင် (၁၅ စက်တင်ဘာ ၂၀၂၀) - ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်နိုင်တင်း) ကပ်ဘေးမှ အာရှနှင့် ပစိဖိတ်ဒေသနာလန်ထူနိုင်ရေးအတွက် ကျန်းမာရေးနှင့် အာလုံးလွှမ်းခြုံပါဝင်သည့် ကြံ့ခိုင်ကောင်းမွန်မှု ကူညီအားဖြည့်ပေးနိုင်သော မူဝါဒများက အခရာကျကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ နှစ်စဉ် ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေးရှုမြင်ချက် Asian Development Outlook (ADO) 2020 Update ၏ စိုးရိမ်ဖွယ်ကာလအတွင်းမှ ကောင်းကျိုးဟူသော အခန်းတွင် ဖော်ပြထားသည်။

မြင်သာသည့် ကျန်းမာရေးဆိုင်ရာအန္တရာယ်များအထက်တွင် ကိုဗစ်နိုင်တင်းကပ်ဘေး၏ အကျိုးဆက် များဖြစ်သည့် အသွားအလာကန့်သတ်ထိန်းချုပ်မှုများ၊ ဝန်ထမ်းလျှော့ချမှုများ၊ မရေရာမှုများနှင့် စီးပွားရေးဆိုင်ရာ အခက်အခဲများက လူသားတို့၏ လှုပ်ရှားဆောင်ရွက်မှုအသွယ်သွယ်ကို အဟန့်အတားဖြစ်စေသလို စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများကိုလည်း အရှိန်မြင့်တက်လာစေသည်။ အစီရင်ခံစာတွင် ပါဝင်သည့် စိုးရိမ်ဖွယ်ကာလ အတွင်းမှ ကောင်းကျိုးဟူသောအခန်းတွင် ကြံ့ခိုင်ကောင်းမွန်ခြင်းကို လူသားတို့၏ စိတ်နှင့် ခန္ဓာကိုယ်အတွင်း မည်သို့ ပြန်လည်တည်ဆောက်ပေးနိုင်သည်ကို ဆန်းစစ်ထားသလို ထိုသို့လုပ်ဆောင်ပေးခြင်းအားဖြင့်လည်း နိုင်ငံတိုင်း၏ စီးပွားရေးအား မည်သို့ပြန်လည်တည်ဆောက်နိုင်သည်ကို ဖော်ပြထားသည်။

“ကျန်းမာကြံ့ခိုင်ကောင်းမွန်ခြင်းလို့ဆိုရာမှာ အလုံးစုံ ကျန်းမာမှု၊ ပျော်ရွှင်မှုနဲ့ ကောင်းမွန်စွာရှင်သန်နိုင်မှု တို့ဆီ ဦးတည်တဲ့ ဆောင်ရွက်ချက်တွေ အားလုံးပါဝင်ပါတယ်” ဟု အေဒီဘီ၏ စီးပွားရေးပညာရှင်အကြီးအကဲ Yasuyuki Sawada  က ပြောသည်။ “ဒီကပ်ဘေးဟာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို သိသာတဲ့ အနုတ်လက္ခဏာသက်ရောက်မှုတွေ ရှိစေခဲ့ပါတယ်။ အစိုးရတွေအနေနဲ့ ပြန်လည် ထူထောင်ရေးတွေ လုပ်ဆောင်ကြရမှာ စီးပွားရေးတိုးတက်မှုနှုန်း မြင့်တက်လာအောင် လုပ်ဖို့ဆိုရင် ပြည်သူတွေ ကျန်းမာကြံ့ခိုင်ရေးကိုပါ မြှင့်တင်ပေးနိုင်တဲ့ မူဝါဒတွေကို ထည့်သွင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် ပြည်သူတစ်ဦးချင်းစီအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေနိုင်ပါမယ်” ဟု ၎င်းက ဆိုသည်။

အစီအရင်ခံစာတွင် ကျန်းမာကြံ့ခိုင်ရေးနှင့်သက်ဆိုင်သည့် လုပ်ဆောင်ရမည့် အစီအစဉ်များအား ထုတ်ဖော်ပြသထားပြီး ကျန်းမာရေးနှင့် ကိုက်ညီသည့် ပတ်ဝန်းကျင်များ တည်ဆောက်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အားအင်ပြန်လည်ဖြည့်စွမ်းပေးနိုင်သည့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီသည်အစားအသောက်များ၊ အဟာရပိုင်းဆိုင်ရာတို့အပြင် ဘေးကင်းလုံခြုံပြီး ကျန်းမာရေးနှင့်လျော်ညီသော လုပ်ငန်းခွင်များ ဖော်ဆောင်ပေးခြင်းတို့ အပါအဝင် ချမှတ်လုပ်ဆောင်နိုင်သည့် မူဝါဒများကို ဖော်ပြပေးထားသည်။ ယင်းအစီအစဉ်များအနေဖြင့် ဤဒေသ၏ ပြန်လည် နာလန်ထူနိုင်ရေးအတွက် မည်သို့အကူအညီဖြစ်နိုင်ပုံနှင့် ရေရှည်အတွက်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့အတွက် ထိုကဲ့သို့ ဆောင်ရွက်ချက်များက မည်သို့အကျိုးပြုနိုင်ပုံကို အကျယ်တဝင့် ဖော်ပြပေးထားသည်။

ဒေသတွင်းရှိ အစိုးရများအနေဖြင့် ပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေးမြှင့်တင်နိုင်ရန် လျှောက်လမ်းများ၊ စက်ဘီးလမ်းများ၊ ပန်းခြံများ၊ အပန်းဖြေစင်တာများနှင့် အခမဲ့အားကစားရုံများအပါအဝင် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများ ထောက်ပံ့တည်ဆောက်ပေးခြင်းအားဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကိုယ်လက်လှုပ်ရှားအပန်းဖြေမှုများတွင် ပြည်သူများ ပိုမိုပါဝင်လာစေနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ဤဒေသတွင် လူဦးရေစုစုပေါင်း၏ ၃၃ ဒသမ ၂ ရာခိုင်နှုန်းသာ ထိုသို့ ကိုယ်လက်လှုပ်ရှားမှု အစီအစဉ်များတွင် ပါဝင်နိုင်သေးပြီး ပိုမိုပါဝင်လာနိုင်သည်နှင့်အမျှ ပိုမို ကျန်းမာသန်စွမ်းစေမည်ဖြစ်သည်။ ယင်းသို့ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများနှင့် ကျန်းမာကြံ့ခိုင်ရေး အစီအစဉ်ကောင်းများသည် အထူးသဖြင့် ပိုမိုဆင်းရဲသော အာရှသားများအတွက် အရေးပါသည်။ ၎င်းတို့တွင် ကိုယ်ကာယအလှ လေ့ကျင့်ရေးစင်တာများကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးနှင့်ဆိုင်သည့် ပုဂ္ဂလိကနေရာများကို လက်လှမ်း မမီကြသေးပေ။

အစိုးရများအနေဖြင့် ပြည်သူတို့တွင် ကျန်းမာရေးနှင့် ကိုက်ညီသည့်စားသောက်ပုံစနစ်များ ရှိလာစေရန် စားသုံးသူဆိုင်ရာ သတင်းအချက်အလက်များ ပိုမိုမျှဝေပေးခြင်းနှင့် အာဟာရနှင့် အစားအသောက်ဆိုင်ရာ အသိအမြင် ဗဟုသုတများကိုလည်း မြှင့်တင်မျှဝေပေးရန် လိုအပ်နေသည်။ တစ်ချိန်တည်းမှာပင် ဒေသတွင်းရှိ အချို့သော အစိုးရများသည့် အချိုဓာတ်ပါဝင်သည့်အစားအသောက်များနှင့် ဆေးရွက်ကြီးဆိုင်ရာ ထုတ်ကုန်များတွင် အခွန်များ ပိုမိုကောက်ခံနေပြီဖြစ်သကဲ့သို့ အစားအသောက်ထုတ်ကုန်များအလိုက် အဟာရဓာတ်ပါဝင်မှု အချိုးအစားများကို တိတိကျကျဖော်ပြရေး စည်းမျဉ်းများကို ကြပ်မတ်ဆောင်ရွက်လာနေပြီး အများပြည်သူ အသိပညာပေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။ အာရှဒေသတွင်း၌ အဝလွန်ခြင်းနှင့် ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ကုန်ကျစရိတ်များမှာ အာရှ GDP ၏ ၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ ကျန်းမာရေးနှင့်ပတ်သက်သည့် ကုန်ကျစရိတ် အလုံးစုံကို အစိုးရများက ကျခံပေးနိုင်လာမည်ဆိုပါလျှင်မူ အာရှသားတို့၏ ကျန်းမာကြံ့ခိုင်ရေးမှု ပိုမို အကျိုးများစေနိုင်မည်။

နောက်ဆုံးအနေအားဖြင့် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိ အစိုးရများသည့် ကာယလုပ်အားဖြင့် လုပ်ကိုင် ကြရသော အလုပ်သမားများအတွက် ကျန်းမာရေးနှင့် ကိုက်ညီပြီး ဘေးကင်းလုံခြုံမှုရှိသည့် လုပ်ငန်းပတ်ဝန်းကျင် ကောင်းများ သေချာစွာပေါ်ပေါက်လာစေရန် ကြိုးပမ်းရမည်ဖြစ်သည်။ အထူးသဖြင့် ကိုဗစ်နိုင်တင်းအလွန် အခင်း အကျင်းတွင် ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းက ကိန်းဂဏန်းများအရ ကမ္ဘာနှင့်တစ်ဝန်းတွင် အလုပ်နှင့်ဆက်စပ် သည့် ရောဂါဘယနှင့် မတော်တဆမှုများကြောင့် သေဆုံးသူဦးရေမှာ ၂ ဒသမ ၃ သန်းအထိ ရှိခဲ့သည်။ ယင်းအနက် သုံးပုံနှစ်ပုံမှာ အာရှဒေသအတွင်းမှဖြစ်သည်။ ဤအစီရင်ခံစာတွင်မူ လုပ်ငန်းခွင်အတွင်း ကျန်းမာကြံ့ခိုင်ရေးအတွက် တစ်ဦးချင်းဝင်ငွေအား ကမ္ဘာ့ပျမ်းမျှနှုန်းထားဖြစ်သည့် ၁၁ ဒေါ်လာမှ ၂၂ ဒေါ်လာသို့ နှစ်ဆတိုးလိုက်ခြင်းဖြင့် အလုပ်သမားများ၏ ပျော်ရွှင်မှုမှာ ၀ ဒသမ ၁၅ ယူနစ် (၁ မှ ၁၀ အထိ စကေးလ်အရ) အထိ တိုးတက်နိုင်ကြောင်း တွေ့ရှိရပြီး ယင်းတို့၏ ရလဒ်အဖြစ် ကုန်ထုတ်စွမ်းအားများနှင့် ထုတ်ကုန်များ ပိုမိုမြင့်တက်လာသည်ကို ဖော်ပြထားသည်။

ကျန်းမာကြံ့ခိုင်ခြင်းဟူသည်မှာ ဒေသတွင်းရော ကမ္ဘာစီးပွားရေးအတွက်ပါ အရေးကြီးသည့် အစိတ်အ ပိုင်းတစ်ခုဖြစ်သလို ကိုဗစ်နိုင်တင်းအလွန် ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုများတွင်လည်း အလားအလာရှိပုံကို မီးမောင်းထိုးပြလျက်ရှိသည်။ ကျန်းမာကြံ့ခိုင်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်များသည် ကမ္ဘာ့ GDP ၏ ၅ ရာခိုင်နှုန်း၊ သို့မဟုတ် ဒေါ်လာ ၄ ဒသရ ၅ ထရီလီယံအထိ ၂၀၁၈ ခုနှစ်တွင် ရှိခဲ့သည်။ ဖွံ့ဖြိုးဆဲ အာရှ GDP ၏ ဆိုပါလျှင် ၂၀၁၇ ခုနှစ်အတွင်းက ၁၁ ရာခိုင်နှုန်းအထိပင်ရှိခဲ့ရာ ယင်းမှာ နှစ်စဉ် ၁၀ ရာခိုင်နှုန်းအထိ တိုးတက်နေ ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၂၀၁၇ ခုနှစ်က ကိန်းဂဏန်းများအရ ကျန်းမာကြံ့ခိုင်ရေးနှင့် ဆက်စပ်လျက် ရှိသည့် ခရီးသွားလုပ်ငန်းကဏ္ဍဆိုလျှင်လည်း အိန္ဒိယတွင် ၃ ဒသမ ၇၄ သန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ၁ ဒသမ ၇၈ သန်းနှင့် ထိုင်းနိုင်ငံတွင်မူ ၅၃၀,၀၀၀ ကျော်အထိ ပြည်သူများအား အလုပ်အကိုင်များ ဖန်တီးပေးထား နိုင်သည်ကို တွေ့ရှိရသည်။

အေဒီဘီသည် အာရှနှင့် ပစိတ်ဖိတ်ဒေသအတွင်း ဖြစ်ထွန်းစည်ပင်၍ အားလုံးပါဝင်အကျိုးခံစားခွင့်ရှိကာ စိန်ခေါ်မှုများအားလည်း ခံနိုင်ရည်စွမ်းရှိသကဲ့သို့ ရေရှည်ဖြစ်တည်တိုးတက်မှုများ ပေါ်ပေါက်လာစေရန် ကတိပြု ကြိုးပမ်းလျက်ရှိကာ ယင်း၏မူလကြိုးပမ်းအားထုတ်ချက်များဖြစ်သော ဆင်းရဲမွဲတေမှု အမြစ်ပြတ် ပပျောက်ရေးကိုလည်း ဆက်လက် ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။ အေဒီဘီကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၆၈ ဦးရှိကာ ၄၉ ဦးမှာ ဒေသတွင်းမှဖြစ်ကြပါသည်။

Media Contact